ပြည်သူတစ်ယောက်၏ တုန့်ပြန်မှု ဘာကြောင့်လမ်းပေါ်ထွက် ဆန္ဒပြခြင်းကို ရွေးခဲ့ကြသလဲ။

အရင်တုန်းကဆိုရင် ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ကိုလိုလားလို့ လမ်းပေါ်ထွက် ဆန္ဒပြဖို့ဆိုတာ ကိုယ်ရဲ့လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ချမ်းသာမှုတွေ၊ ကုန်ကုန် ပြောရရင်ကိုယ့်ရဲ့ ဘဝအသက်ကိုပါ သတ္တိရှိရှိနဲ့ဖြစ်စေ ကြောက်ကြောက်နဲ့ဖြစ်စေ စတေးခံဖို့ အနည်းနဲ့အများ စိတ်ဆုံးဖြတ်ပြီးမှ အရဲစွန့်လုပ်ရတဲ့အလုပ်ပါ။ (တိတိကျကျ ပြောရရင် လွှတ်တော်မပေါ်ခင်ထိပေါ့။)

ငြိမ်းချမ်းရေး (Peace)ကို အင်မသန်မှ လိုလားတောင်းတနေလို့ ဆန္ဒထုတ်ဖော်ပြ ချင်တဲ့ ကချင်အမျိုးသမီးကြီး (၅)ဦးခင်ဗျား။ ခင်ဗျားတို့ဘယ်အချိန်ကစပြီး ငြိမ်းချမ်းရေးကို လိုလားခံစားချင်တဲ့စိတ် တဖွဖွပေါ်ထွက်လားသလဲ။ ကချင်ပြည်နယ်မှာ သေနတ်သံတွေပြန်ကြားရမှ ရှိနေတဲ့ ငြိမ်းချမ်းရေးက ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတယ်လို့ ယူဆပါသလား။ ကချင်ပြည်နယ်မှာ၊ မြန်မာနိုင်ငံမှာ ဘာကြောင့် ငြိမ်းချမ်းရေးဟာ ရှားပါးတဲ့အဖိုးတန်း ရတနာ ဖြစ်နေရတာလဲ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ပန်းခင်းဖြစ်လာဖို့အတွက် အဓိကသော့ချက်က ဘယ်အရာလို့ ယုံကြည်ထားသလဲ။ ခင်ဗျားတို့ကို ဒီမေးခွန်းတွေမေးချင် ပါတယ်။ ကျွန်တော်မေးတဲ့မေးခွန်းတွေကို ခင်ဗျားတို့စဉ်းစားပြီးရင် မေးခွန်းတစ်ချို့ရဲ့ အဖြေရှိကောင်း ရှိနိုင်သလို မေးခွန်းလည်းထွက်လာ နိုင်ပါတယ်။

အဲသလိုအဖြေတွေ မေးခွန်းတွေထွက်လာရင် ခင်ဗျားတို့ လမ်းပေါ်ထွက် ဆန္ဒပြဖို့ဆန္ဒ မစောကြပါနဲ့။ ပြည်သူတွေရဲ့ အသည်းကြားက မဲတစ်ပြားနဲ့ မဟုတ်သည့်တိုင်၊ လွှတ်တော်အမှတ်တွေ ဖြစ်နေကြပြီဖြစ်တဲ့ ခင်ဗျားတို့ရဲ့ အမျိုးသားတွေ၊ အစ်ကိုတွေနဲ့ ဆွေမျိုးတွေကို အရင်ဦးဆုံးတိုက်တွန်း စကားပြောကြည့်ပါအုံး။ ငြိမ်းချမ်းရေး အတွက်လေ။

ပြည်သူတွေ ငြိမ်းချမ်းရေးကို မျှော်လင့်တောင်းတ နေတာကို (အမည်ခံ) ပြည်သူ့ကိုယ်စားလှယ် တွေဖြစ်ကြတဲ့ ခင်ဗျားတို့ရဲ့ အစ်ကိုတွေမသိကြသေးဘူးလား။ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတဲ့ဆောင်ပုဒ် နဲ့အညီ လွှတ်တော်မှာ ငြိမ်းချမ်းရေး အတွက်ဘယ်လောက်ဆောင်ရွက် နေကြသလဲ သိချင်ပါတယ်။

ဘယ်သူကို စွပ်စွဲချင်ပါသလဲ

          အင်မတန်မှ ဆန္ဒထုတ်ဖော်ချင်ပေမဲ့ နာမည်မသိ ခြိမ်းခြောက်သူ တစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကြောင့် ရပ်လိုက်ရသလိုလို။ ပြည်သူတွေကပဲ အထင်မှားအမြင်မှား ဖြစ်သွားလို့ ရပ်လိုက်ရသလိုလို။ ဆန္ဒပြမှုကိုဦးဆောင်ကြမဲ့ အမျိုးသမီးကြီး တွေကပဲ သဘောတူညီမှု မရထားသလိုလို။ ဟောလိုလို ဒီလိုလိုနဲ့ ရပ်သွားတာကို သတင်းဆောင်ပါး တစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ နောက်ဆိုရင် မသေချာ မရည်ရာ၊ တကယ်ပြည်သူ တွေအတွက် တစ်စုံတစ်ရာ ပေးဆပ်လိုတဲ့ယုံကြည်မှု မျိုးမရှိရင် ဘာမှမလုပ်တာအကောင်း ဆုံးပါ။ အခုတော့ ပြည်သူတွေကို စိတ်အနှောက်အယှက် ဖြစ်စေတယ်။

          ဘာကြောင့် ဆန္ဒမပြ ဖြစ်တဲ့ အကြောင်း ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ပြန်အသိပေးသင့်တယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုလားမြတ်နိုး တယ်ဆိုတာ မှန်နေရင်ပေါ့။ ပြည်သူတွေကို ကြောင်ထင် ယုန်ထင်ဖြစ်စေပြီး ရပ်သွားရတာ၊ ပြည်သူတွေကို စော်ကားရာ ရောက်ပါတယ်။

          ကချင်ပြည်နယ်မှာ စစ်မဖြစ်ရင်လည်း ပြည်သူတွေဟာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မခံစားကြပါဘူး။ ဥပမာ။      ။ မြစ်ဆုံရေကာတာကြောင့် စိုးရိမ်သောက စိတ်တွေကို ထွေးပိုက်ထားပြီး သက်ရှင်နေကြတဲ့ ပြည်သူတွေလည်း အများအပြားပါ။ လမ်းပေါ်ထွက် ဆန္ဒမပြပေမဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ခင်ဗျားတို့တွေ ပါဝင်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါသေးတယ်။

          ခင်ဗျားတို့တွေ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို လိပ်ပြာသန့်တယ်ဆိုရင်၊ ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တ တဲ့စိတ်ဟာ ရွှေရည်စိမ် မဟုတ်ဘူးဆိုရင်၊ ဆန္ဒမပြလိုက်ရ ပေမဲ့ စေတနာရဲ့ ရောင်ပြန်ဟပ်ခြင်းကို ခင်ဗျားတို့ ပြန်ခံစားရ မှာပါ။

          ကျွန်တော်ဖတ်လိုက် ရတဲ့ သတင်းဆောင်ပါး အပေါ်အခြေခံပြီး အပြုသဘော တုန့်ပြန်ရေးလိုက်ရခြင်း ဖြစ်ပါတယ် ခင်ဗျား။

Hka San Lwi

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s